ရန်ကုန် ၊ ဇူလိုင် ၊ ၂၀၂၀။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် မြန်မာ့စီးပွားရေးကို ကြီးမားစွာထိုးနှက်ခဲ့ပြီး မှတ်ကျောက်တင် စမ်းသပ်ခံရမည့် အခြေအနေတစ်ခုအဖြစ် ရောက်ရှိစေခဲ့သည်။ ယင်းအကျိုးဆက်ကြောင့် ပို့ကုန်ကဏ္ဍများအပေါ် ထိခိုက် သက်ရောက်မှုအား မြန်မာကိုဗစ်-၁၉ကပ်ရောဂါ အကျိုးဆက်စစ်တမ်းဖြင့် လေ့လာဖော်ထုတ်ထားသည်။ မြန်မာဈေးကွက်သုတေသနအသင်း (MRA) သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ITC) နှင့် ပူးပေါင်း၍ အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ ၏ ဦးစားပေးကဏ္ဍ ၁၂ခု ထဲတွင် ထဲထဲဝင်ဝင်လုပ်ကိုင် နေကြသော ပို့ကုန်လုပ်ငန်းရှင် ၃၀၀ ခန့်အား စစ်တမ်းကောက်ယူခဲ့သည်။ ဤအစီအရင်ခံစာသည် ကဏ္ဍ တစ်ခုချင်းစီအလိုက် အကျိုးဆက်များကို ဖော်ထုတ်ကာ ခြုံငုံသုံးသပ်ထား၍ ထိုကဏ္ဍများအား သက်သာလျှော့ပေါ့ ခွင့်ပြုနိုင်မည့် ရွေးချယ်စရာများနှင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် အကြံပြုချက်များကို တင်ပြထားသည်။
ဤအစီရင်ခံစာထဲမှ စစ်တမ်းကောက်ယူထားသည့် ပို့ကုန်ကုမ္ပဏီများအားလုံးသည် ကပ်ရောဂါကြောင့် အနုတ်လက္ခဏာဆောင်သည့် အကျိုးဆက်များကို ခံစားခဲ့ရပြီး ထိုးနှက်ခံရမှု အနည်းအများမှာ ကဏ္ဍအလိုက် ကွာခြားမှုရှိသည်။ စီးပွားရေးလုပ်ငန်း ၃၀% နီးပါးသည် ပြင်းထန်စွာထိုးနှက်ခံခဲ့ရပြီး ၄၆% ခန့်သည် အသင့်အတင့် ရိုက်ခတ်ခံရမှု ရှိခဲ့သည်ဟု ဖော်ပြထားသည်။ ကဏ္ဍများအားလုံးထဲတွင် ခရီးသွားကဏ္ဍသည် ထိခိုက်မှုအများဆုံး ရှိခဲ့ပြီး ယင်းနောက်တွင် ချည်မျှင်နှင့်အထည်ချုပ်ကဏ္ဍသည် ဒုတိယအများဆုံး ရိုက်ခတ်ခံခဲ့ရသည်။ လက်ရှိ အခြေအနေများထဲတွင် အသေးစားကုမ္ပဏီများ (ဝန်ထမ်းအင်အား ၅ ဦးထက်နည်းသော) သည် စီးပွားရေး ယိုင်နဲ့မှုအား တောင့်ခံနိုင်စွမ်းအနည်းဆုံးဖြစ်သည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ဆိုက်မှုကြောင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီ များသည် ၎င်းတို့၏ အဓိကဝယ်သူငါးဦးထံမှ ဝယ်လိုအားလျှော့ချခြင်းကို ကြုံတွေ့နေရကြောင်း စစ်တမ်းက ဖော်ပြထားသည်။
နယ်မြေကန့်သတ်ထိန်းချုပ်မှု အစီအမံများနှင့် ဝင်ထွက်သွားလာမှုပိတ်ပင်သည့် အမိန့်များကြောင့် ကုမ္ပဏီ အများအပြားသည် ၎င်းတို့၏ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများကို လျှော့ချခဲ့ရပြီး စီးပွားရေးလုပ်ငန်းများကို ရပ်နားခဲ့ရသည်။ နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ကြန့်ကြာမှုများ၊ ပိုးမွှားကင်းစင် သန့်ရှင်းမှုထောက်ခံ ချက်အတွက် ထပ်တိုးလုပ်ငန်းစဉ်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး စီမံဆောင်ရွက်ချက် များ၊ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်းများ၊ ကိုဗစ်ကော်မတီမှ ထုတ်ပြန်သော နှိုးဆော်စာအသစ်များ ယာယီ အစီအမံများ စသည်တို့သည် အာဏာပိုင်များမှ အများဆုံးထုတ်ပြန်သော ထုတ်ပြန်ချက်များဖြစ်ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကုမ္ပဏီ ၄၀% ခန့်သည် နေအိမ်မှအလုပ်ဆင်းခြင်းကို ကျင့်သုံးခဲ့ပြီး ယင်းလုပ်ဆောင်ချက်သည် စစ်တမ်းကောက်ယူခဲ့သော ကုမ္ပဏီများ၏ ကပ်ရောဂါကာလအတွင်း ကိုင်တွယ် ဖြေရှင်းသည့် နည်းဗျူဟာထဲတွင် ကျင့်သုံးမှုအများဆုံး ဖြစ်သည်။ ဒုတိယ အသုံးအများဆုံး နည်းလမ်း တစ်ခုမှာ ဝန်ထမ်းအင်အား ယာယီလျှော့ချခြင်းဖြစ်သည်။ ဈေးကွက်ဖော်ဆောင်မှု နည်းလမ်းများကို ပိုမိုမြှင့်တင် လုပ်ဆောင်ခြင်းနှင့် အွန်လိုင်းမှတဆင့်ဈေးရောင်းချခြင်း တို့ကိုလည်း ကုမ္ပဏီများအနေဖြင့် ကျင့်သုံးမှုရှိကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။
ထို့အပြင် ကုမ္ပဏီများ၏ ၄၄% ခန့် သည် အစိုးရ၏ ကိုဗစ်-၁၉ နှင့်ဆက်စပ်ပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထောက်ပံ့ခြင်းအစီအစဉ်များမှ ထောက်ပံ့ကြေးများနှင့် သတင်းအချက်အလက်များ ရရှိနိုင်ရန် ခက်ခဲမှုရှိကြောင်း သို့မဟုတ် အလွန်အမင်းခက်ခဲမှုရှိကြောင်း စစ်တမ်းအရ ထုတ်ဖော်တွေ့ရှိသည်။ ယင်း ထောက်ပံ့ကြေးနှင့် သတင်းအချက်အလက်များကို ရရှိနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းအများစုအနေဖြင့် Facebook စာမျက်နှာများနှင့် သက်ဆိုင်ရာ Group များကဲ့သို့သော လူမှုမီဒီယာကို ဦးစားပေးအရင်းအမြစ် အဖြစ် အသုံးပြုနေကြောင်း တွေ့ရသည်။ ယင်းနောက်တွင် အစိုးရနှင့် စီးပွားရေးအသင်းအဖွဲ့များ၏ ဝက်ဘ်ဆိုက်များ ကို ဒုတိယဦးစားပေး သတင်းအရင်းအမြစ်အဖြစ် အသုံးပြုနေပြီး ကျန်ကုမ္ပဏီအနည်းစုမှာ သတင်းအချက်အလက် များကို ရုပ်မြင်သံကြားနှင့် သတင်းစာများတို့မှ ရရှိနေသည်ကို စစ်တမ်းအရ တွေ့ရ သည်။
အနှစ်ချုပ်အားဖြင့်ဆိုရသော် ဤစစ်တမ်းသည် ပို့ကုန်လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် စိန်ခေါ်မှုများ၊ လိုအပ်နေသော အထောက်အပံ့များနှင့် ပို့ကုန်လုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရန် ထောက်ခံ အကြံပြုချက်များကို အသားပေးဖော်ပြထားသည်။ ဤစစ်တမ်းသည် သက်ဆိုင်ရာ ပို့ကုန်ကဏ္ဍအသီးသီးကို အထောက်အပံ့ဖြစ်စေပြီး ပို့ကုန်ကဏ္ဍပြန်လည်ဦးမော့လာစေမည့် ထိရောက်သော မူဝါဒများကို ချမှတ်ရေးဆွဲရာ တွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ကောက်ယူထားသည့် စစ်တမ်းတစ်ခု ဖြစ်သည်။
အစီရင်ခံစာ အပြည့်အစုံ(အင်္ဂလိပ်/ မြန်မာ) ကို ဒီနေရာတွင် download ရယူနိုင်ပါသည်။