*ဈေးကွက်သုတေသနအသင်း ရဲ့ သုတေသနဆိုင်ရာ ဗဟုသုတ ‌ဝေမျှခြင်း* (Insights and trends from ESOMAR APAC knowledge sharing)

ဈေးကွက်သုတေသနအသင်း (Market Research Association)ဟာ သုတေသနဆိုင်ရာ ဗဟုသုတတွေကို အလျှင်းသင့်သလို ‌ဝေမျှပေးလျှက်ရှိပါတယ်။ အသင်း ရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသုတအောင် ၊ အတွင်းရေးမှူး မိမေဖြူဖြူစင်နှင့် အသင်းဝင် ဦးရဲဝင်းအောင် တို့ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆-၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ကျင်းပတဲ့ ESOMAR APAC 2024 IGNITE Conference ကို တက်ရောက်ခဲ့ပါတယ်။ ဘန်ကောက်ညီလာခံမှာရရှိခဲ့တဲ့သုတေသနဆိုင်ရာ ဗဟုသုတ‌‌တွေ ပြန်လည်ဝေမျှခြင်းကို နိုဝင်ဘာ ၃၀ ရက်မှာ Hybrid နည်းနဲ့ပြုလုပ်ခဲ့ပါတယ်။ အသင်းဝင်များ၊သု‌တေသန‌ အေဂျင်စီများ၊ ဌာနဆိုင်ရာများ၊တက္ကသိုလ်များနဲ့ စီးပွားရေးအသင်းများမှလူကိုယ်တိုင်နဲ့ Online ကတက်ရောက်သူ ၁၂၀ဦး ရှိခဲ့ ပါတယ်။

*ESOMAR Asia & Pacific Conference* European Society for Opinion and Marketing Research (ESOMAR) ဟာကမ္ဘာ့ သုတေသနဆိုင်ရာ ဦးဆောင်အဖွဲ့အစည်းကြီးဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ကတည်းကစတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံပေါင်း ၁၃၀ က အသင်းဝင်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဈေးကွက်သုတေသနအသင်း (MRA) ဟာ မြန်မာနိုင်ငံကိုယ်စားပြု အသင်းဖြစ်ပါတယ်။ အာရှ ပစိဖိတ်ဒေသဟာ ကမ္ဘာ့လူဦးရေ ရဲ့ ၆၀%, ကမ္ဘာ့GDP ရဲ့ ၄၆% ရှိတာကြောင့် အရေးကြီးတဲ့ဒေသဖြစ်တာနဲ့အညီ ဒီနှစ်ညီလာခံ ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ သုံးရက်တာ ကျင်းပခဲ့ပါတယ်။*အသင်း ဥက္ကဋ္ဌ အဖွင့်အမှာစကား* အသင်း ဥက္ကဋ္ဌ ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားရာမှာ အခုနှစ် ဩဂုတ်လမှာ ဈေးကွက်သုတေသန အသင်းရဲ့ ပဉ္စမအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ကျင်းပခဲ့ပြီး အဲ့ဒီတုန်းက လည်း Knowledge Sharing Session ထည့်သွင်းခဲ့ကြောင်း၊ နှစ်ပတ်လည် အစည်းအဝေးမှာ အသင်းအနေနဲ့ လာမယ့်နှစ်နှစ် အတွင်း ဆက်လက် ဆောင်ရွက်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို တင်ပြခဲ့ကြောင်း၊ လက်ရှိ ဆောင်ရွက်ပြီးစီးမှု အနေနဲ့ MRA Website ကို update လုပ်ခဲ့ပြီး MRA Newsletter ကိုလည်း အခု နိုဝင်ဘာလကစလို့ Website မှာတင်ထားပြီး ဖြစ်ကြောင်း၊ ဈေးကွက်သုတေသနနဲ့ဆိုင်တဲ့ ပြောင်းလဲမှု အခြေအနေနဲ့ ဗဟုသုတတွေကို ထည့်သွင်း ပေးမှာဖြစ်လို့ အသင်း Website- www.mrayangon ကိုလည်း လေ့လာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။(ESOMAR free training link တွေတင်ထားပြီး)ယနေ့ကာလမှာ AI နဲ့နည်းပညာ အသစ်တွေသုံးပြီး Manpower, Time & cost ကိုလျော့ချဖို့နဲ့ marketing နည်းလမ်းသစ်တွေအတွက် နည်းပညာဆန်းသစ်တီထွင်မှုတွေ ကြိုးပမ်းအသုံးပြု နေကြတာ တွေ့ရကြောင်း၊ အဲဒီလို ဆောင်ရွက်နိုင်ဖို့ အနာဂတ်မှာ Skill တွေ ပိုလိုအပ်လာမှာဖြစ်ကြောင်း၊ ဈေးကွက်သုတေသနအဖွဲ့တွေသာမက ဆက်စပ် အဖွဲ့အစည်းတွေပါ သိရှိပြင်ဆင် ထားရမယ့် သတင်းအချက်အလက်တွေကို ဆွေးနွေးတင်ပြ သွားမှာဖြစ်လို့ တန်ဖိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်မယ်ဆိုတာ ယုံကြည် ကြောင်းပြောကြားခဲ့ပါတယ်။*ESOMAR Representative* အဲဒီပွဲကို လူကိုယ်တိုင်တက်ရောက်လာတဲ့ ESOMAR ကိုယ်စားလှယ် Ms. Marita Schimpl ကလည်း ညီလာခံကျင်းပရတဲ့ ရည်ရွယ်ချက်၊ ဈေးကွက်သုတေသန အသင်းရဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ပေးလို့ ကျေးဇူးတင်ကြောင်း၊ AI ပိုမိုအသုံးပြုလာတဲ့အခြေအနေနဲ့ AI ရဲ့အကျိုးသက်ရောက်မှုများကို ပြောကြားသွားပါတယ်။ဒေါက်တာသုတအောင် ၊ ဒေါ် မိမေဖြူဖြူစင်နှင့် ဦးရဲဝင်းအောင်တို့ဆွေးနွေးချက်တွေကိုလည်းဆက်လက် ဖော်ပြပေးပါမယ်။