International Trade Centre ၏ ကျွမ်းကျင်သူများမှ ပို့ချသော “Developing Service Portfolio” အမည်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ၃ ရက်ကြာ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံရှိ ကဏ္ဍအလိုက် အသင်းအဖွဲ့များအနေဖြင့် ၎င်းတို့၏ အသင်းဝင်များနှင့် ဝန်ဆောင်မှုရယူသူများအား ပိုမိုကောင်း မွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ပထမနေ့တွင် အသင်းတစ်သင်းစီမှ ၎င်းတို့ ဝန်ဆောင်မှုရယူသူများ၏ လိုအပ်ချက်များနှင့် ဝန်ဆောင်မှုများအား ကဏ္ဍအလိုက် ဝိုင်းဝန်းရှာဖွေ ဆောင်ရွက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ ဒုတိယနေ့တွင် အသင်းအဖွဲ့များအနေဖြင့် လိုအပ်သောဝန်ဆောင်မှုများ အား ဖြည့်ဆည်းပေးနိုင်ရန် အစီအစဉ်ဆွဲခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြပြီး တတိယနေ့တွင် အိန္ဒိယနိုင်ငံ၊ Solvent Extractors’ Association မှ Executive Director ဖြစ်သူ Dr. B. V. Mehta မှ ၎င်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ အသင်း၏ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများနှင့် သင်ခန်းစာများအား ပို့ချပေးခဲ့ပြီး တက်ရောက်လာသူများ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ Strategy Document အား ပထမဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့် ဈေးကွက်သုတေသနအသင်းအား ITC မှကျွမ်းကျင်သူများမှ ဂုဏ်ပြုမှတ်တမ်းတင်မှုများ ပြုလုပ်ပြီး အလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ဈေးကွက် သုတေသနအသင်းမှ အဖွဲ့ဝင်များဖြစ်သော ဦးညီမင်းခန့် (Industry Research Executive, MMRD) နှင့် ဒေါ်ခင်သီတာကျော် (Manager, MSR) တို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။