မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်းမှု(Myanmar Urbanization) အစီရင်ခံစာ ထုတ်ပြန်ပွဲကို ကမ္ဘာ့ဘဏ်က ၂၀၁၉ ခုနှစ် ဇွန်လ(၆) ရက်နေ့က Shangri-La Hotel ၌ ကျင်းပခဲ့သည်။ ယင်းပွဲသို့ ဈေးကွက်သုတေသန အသင်းအတွင်းရေးမှူး ဦးအောင်မင်း တက်ရောက်ခဲ့ပါသည်။
တင်ပြချက်
ယင်းထုတ်ပြန်ပွဲတွင် Lead Economist Ms.Judy Baker က ‘‘Myanmar’s Urbanization: Create Opportunities for all” ခေါင်းစဉ်ဖြင့် အစီရင်ခံစာ အကျဉ်းချုပ်ကို တင်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် မြို့ပြ လူဦးရေသည် ၃၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိသဖြင့် မြို့ပြဖွံ့ဖြိုးမှုသည် ကနဦးကာလတွင်သာ ရှိသေးကြောင်း၊ သို့ရာတွင် ၂၀၅၀ ပြည့်နှစ်တွင်မူ မြို့ပြနေ ဦးရေ ၃၂ သန်း ရှိလာမည်ဟု ခန့်မှန်းထားကြောင်း၊ မြို့ပြတွင် လူဦးရေ တိုးတက်မှုသည် အခြားဒေသများမှ ရွေ့ပြောင်းရောက်ရှိလာသူများကြောင့် အဓိကဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်၏ လူဦးရေတိုးတက်နှုန်း၏ ၈၁% သည် ရွေ့ပြောင်းရောက်ရှိလာသူများကြောင့်ဖြစ်ကြောင်း၊ ရွေ့ပြောင်းလာသူများ၏ ၅၆% ကသာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ရောက်ရှိလာခြင်းဖြစ်ပြီး အခြား အကြောင်းရင်းများမှာ ကျေးလက်ဒေသတွင် ဆင်းရဲစွာ နေရခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မြေယာမဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၏ ပြည်တွင်းရွေ့ပြောင်းသူများ၏ ၄၃%သည် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း၊ ရန်ကုန်မြို့တော်တွင် တရားမဝင် အခြေချ နေထိုင်သူ ၄၇၅,၀၀၀ ရှိသည်ဟု ကောက်ယူ ရရှိထားကြောင်း ထို့ကြောင့် ရန်ကုန်မြို့တော်သည် လူဦးရေ သိပ်သည်းဆ အမြင့်ဆုံးဖြစ်နေကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့တော်၌ လူဦးရေ ၅.၂ သန်း ရှိသည်ဟု ကောက်ယူရရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၆.၅ သန်း ရှိလာမည်ဟု ခန့်မှန်းထားကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တော်အတွက် အခွင့်အလမ်းများ ရှိသလို စိန်ခေါ်မှုများ လည်း ရှိကြောင်း တင်ပြပါသည်။
ထိုကြောင့် အားလုံးပါဝင်နိုင်သည့် မြို့ကြီးများအတွက် ရှုထောင့်စုံမူဘောင်ကို အောက်ပါ (၃) ချက် ပါဝင်သင့်ကြောင်း အကြံပြုထားပါသည်-
(က) အားလုံးပါဝင်နိုင်သည့် စီးပွားရေး။ တိုးပွားလာသည့် ကြွယ်ဝချမ်းသာမှုတွင် မြို့ပြ လူတန်းစား အားလုံး ပါဝင်ခွင့် ရရှိစေခြင်း၊
(ခ) အားလုံးပါဝင်နိုင်သည့် မြို့ပြနေရာ။ အားလုံးအတွက် တန်ဖိုးသင့်မြေ၊ အိမ်ယာ၊ ဝန် ဆောင်မှုများအား ရယူခွင့်ပိုမို ကောင်းမွန်လာခြင်း၊
(ဂ) အားလုံး ပါဝင်နိုင်သော လူမှုရေး။ ထိခိုက်လွယ်သည့် အားနည်းသော အုပ်စုများ၊ လူ့ အသိုင်းအဝိုင်းတွင် ဝင်ဆန့်နိုင်စေရန် ကောင်းမွန် သည့် စည်းမျဉ်းချမှတ်ခြင်း၊
Panel discussion
တင်ပြချက်ပြီးနောက် စားပွဲဝိုင်းဆွေးနွေးပွဲကျင်းပရာတွင် Voice Journal ၏ CEO ဦးဇေယျသူက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ ကျန်(၅)ဦးက အောက်ပါအတိုင်းပါဝင် ဆွေးနွေးခဲ့ကြပါသည်-
ဦးမြင့်နိုင်- ဒုညွှန်ကြားရေးမှူးချုပ် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန
မြို့ပြဖွံ့ဖြိုးမှုသည် ဥရောပ၌ ဖြစ်ထွန်းပြီးဖြစ်သော်လည်း အာရှနိုင်ငံများတွင် ဖြစ်ထွန်းဆဲဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးရန် မြို့ပြအချင်းချင်း ကွန်ရက်များဖြင့် ချိတ်ဆက်မှုလိုကြောင်း၊ မြို့ပြဖွံ့ဖြိုးမှု မူဝါဒ၊ Function နှင့် ဥပဒေများ ပေါ်လာရန် လိုသေးကြောင်း၊ ရန်ကုန်မြို့တော်သည် စီးပွားရေးမြို့တော်နှင့် ယဉ်ကျေးမှု အမွေ အနှစ်များ ရှိသည့်နေရာဖြစ်၍ အလားအလာကောင်းသော်လည်း ပို့ဆောင်ရေး အဆင်မပြေမှု ဖြစ်နေကြောင်း၊ အိမ်နှင့်အလုပ်အကြား ပေးရသည့်အချိန်သည် တစ်နေ့လျှင် နှစ်နာရီ ထက်ကျော်ပါက Productivity ကျ ကြောင်း၊ ကျူးကျော်များကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် သုံးကြိမ်ဖြေရှင်းခဲ့ရသည့် သာဓကရှိကြောင်း၊ ၁၈၇၀ ပြည့်နှစ်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း၊ စမ်းချောင်း၊ ကြည်မြင့်တိုင်တို့တွင် နိုင်ငံခြားသားများ ဝင်ရောက် နေထိုင်၍ စာရင်းကောက်ယူပြီး နေရာချပေးရဖူးကြောင်း၊ ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်လူဦးရေသည် ၅ သိန်းမှ တစ်သန်းအထိ တိုးတက်လာသဖြင့် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စသည့် မြို့သစ်များ ဖော်ပေးခဲ့ရကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ကျူးကျော် ၂ သိန်းခန့်ကိုလည်း မြို့တော်ပတ်ဝန်းကျင်၌ နေရာချပေးခဲ့ရကြောင်း၊ လက်ရှိကျူးကျော် ၄ သိန်းကျော်ကို ဖြေရှင်း ရန် ကိစ္စမှာ မလွယ်ကူကြောင်း၊ အိုးအိမ် သတ်မှတ်ချက်အရ standard, Substandard နှင့် Organic ဟူ၍ (၃) မျိုး သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော်ရှိ အိုးအိမ်များ၏ ၂၅% ခန့်သာ အင်ဂျင်နီယာ ကြီးကြပ်မှုဖြင့် ဆောက်လုပ်သည့် Standard အဆောက်အဦးများဖြစ်ပြီး ကျန် ၇၅% ၏ အဆင့်အတန်းနိမ့်ကျကြောင်း၊ အရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်သည့် အိမ်ရာများပိုမိုလိုအပ်ကြောင်းဆွေးနွေးပါသည်။
ဒေါက်တာသန်းမြင့်ဦး(Founder of Yangon Heritage Trust)
မြန်မာနိုင်ငံတွင် တိုးတက်နိုင်သည့် မြို့ကြီးများရှိကြောင်း၊ မြို့ပြဖြစ်ထွန်းမှုအတွက် မည်သည့်မြို့ကို ဦးစားပေးဆောင်ရွက်မည်ကို လျာထားသင့်ကြောင်း၊ Vision ရှိသင့်ကြောင်း၊ မြို့ပြအသီးသီးရှိ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး ဝန်ဆောင်မှု အဆင့်အတန်းများလည်း တစ်ပြေးညီ တိုးတက်သင့်ကြောင်း ဆွေးနွေး ပါသည်။
Mr.Shigeoki Tanaka(JICA)
မြန်မာနိုင်ငံတွင် တိုးတက်လာသော လူဦးရေနှင့် အခြေခံအဆောက်အအုံ တိုးတက်နှုန်း ဟန်ချက် မညီ ကြောင်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံခန့်ခွဲမှု အရေးကြီးကြောင်း ဆွေးနွေးပါသည်။
Ms. Judy(World Bank)
အခြေခံအဆောက်အအုံ စီမံကိန်းများတွင် PPP ဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင်ကြောင်း အကြုံပြု ပါသည်။
ဒေါက်တာကျော်သူ(ADB)
PPP နည်းလမ်းသာမက Community Participation ရအောင်ကြိုးပမ်းသင့်ကြောင်း၊ ရန်ကုန်နှင့် ပဲခူး ဒေသသည် ငလျင်ကြော ကျရောက်သော ဒေသများဖြစ်၍ နောက်ဆောက်မည့် အဆောက်အဦများ အတွက် ငလျင်ဒဏ်ခံနိုင်အောင် ပြင်ဆင်သင့်ကြောင်း၊ ADB က Financing Affordable Housing Report ကို Website တွင် တင်ထားပြီးဖြစ်၍ လေ့လာနိုင်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
Myanmar Urbanization Report ကို အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။
Website Link –http://documents.worldbank.org/curated/en/807471559656318146/pdf/Creating-Opportunities-for-All-Full-Report.pdf